အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
မရည်ရွယ်ပဲ ဘုရားဖူးဖြစ်ခဲ့တဲ့ အကြောင်းလေးကို ရေးသားလိုက်ပါတယ်။ မနေ့က အလှူဒါနလေးတစ်ခုကို ရွာထောင် ဘိုးဘွားရိပ်သာမှာ ထပ်မံပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းမြို့ ရွာထောင် ဘိုးဘွားရိပ်သာက အဘိုး(၁၀)ဦး၊ အဘွား(၃၀)ဦး၊ စုစုပေါင်း အဘိုး အဘွား (၄၂)ဦး ကို နေ့လယ်စာအလှူ ကျွေးမွေးလှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
ဘိုးဘွားတွေကိုအလှူပြုလုပ်ပြီး ဘုရားဖူးထွက်ခဲ့ကြပါတယ်။ အဝေးကြီးတော့မဟုတ်ပါ။ စစ်ကိုင်းမြို့ရဲ့ တစ်ဖက်ကမ်းက အင်းဝကို သွားကြခြင်းပဲဖြစ်ပါတယ်။ အင်းဝကို ငယ်စဉ်ကျောင်းသားဘဝကတည်းက အမြဲလိုလိုရောက်ဖြစ်နေတဲ့ အရပ်ဒေသပါ။ မရောက်ဖြစ်ခဲ့တာတော့ နှစ်ပေါင်းတော်တော်ကြာခဲ့ပါပြီ။ အင်းဝက အရင်ကထက် အနည်းငယ်လောက်ပဲ ပြောင်းလဲပါတယ်။
အင်းဝကထွက်ပြီးလာတော့ ကျောက်ဆည်မြို့အနောက်ဘက်က အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားကို ဆက်လက်ထွက်လာဖြစ်ခဲ့ပါတယ်။ တမုတ်ရှင်ပင်ရွှေဂူကြီးကိုလည်း စတင်ပြုပြင်စဉ်ကတည်းက ရောက်ဖူးခဲ့ပြီး မရောက်ဖြစ်ခဲ့တာ အတော်ကြာပါပြီ။ တမုတ်ရှင်ပင်ရွှေဂူကြီးကတော့ အရင်ကနဲ့မတူတော့ပဲ အတော်ပြီးပြည့်စုံနေပြီလို့ ဆိုနိုင်ပါတယ်။ ရှေးေဟာင်းလက်ရာတွေကိုလည်း ရှေးမူမပျက် ထိမ်းသိမ်းထားပါတယ်။ သုံးထပ်ဘုရားရယ်လို့လည်း ဘွဲ့တော်တွင်ပါတယ်။ ရှေးဟောင်းဆင်းတုတော်တွေ ရှေးဟောင်းလက်ရာတွေ ပျူခေတ်အရိုးအိုးတွေ အများအပြားတူးဖော် ပြသထားပါတယ်။
တမုတ်ရှင်ပင်ရွှေဂူကြီးကနေထွက်လာခဲ့ပြီး ရှင်ပင်ေရွှဆပ်သွှား ရှေးဟောင်းစေတီတော်ကြီးကို ဝင်ရောက် ဖူးမျှော်ကြည်ညိုခဲ့ပါတယ်။ ဒီစေတီတော်ကြီးက ငါးထပ်ဘုရားလို့လည်းဘွဲ့အမည် တွင်နေပါတယ်။ ရှေးဟောင်းဆင်းတုတော်များနဲ့အတူ ရှေးအသုံးအဆောင်များကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
အပြန်မှာတော့ ရန်ကုန် မန္တလေး အမြန်လမ်းမကြီးပေါ်ကနေ ညနေ နေဝင်ဆည်းဆာအလှကို ခံစားရင်း အိပ်ငိုက်ကာ ပြန်လာခဲ့ပါတော့တယ်။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -