အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
ရိုးသားတဲ့လူတွေကို လူအများစုက နှစ်သက်ကြပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကတော့ ရိုးသားဖို့ကြိုးစားတဲ့လူကတော့ နည်းလိမ့်မယ်ထင်ပါတယ်။ လောကကြီးဆိုတာက မှန်တစ်ချပ်လိုပါပဲ။ ကျွန်တော်တို့အနေနဲ့ မှန်ရှေ့ကိုသွားပြီး မှန်ကို ပြုံးကြည့်မယ်ဆိုရင် မှန်ထဲက ပုံရိပ်ကလည်း ကိုယ့်ကို ပြန်ပြုံးကြည့်နေပါလိမ့်မယ်။ အဲဒီလိုပဲ မှန်ကိုမဲ့ပြမယ်ဆိုရင် မှန်ထဲက ပုံရိပ်ကလည်း ကိုယ့်ကို မဲ့ပြပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တွေးမိတာတစ်ခုက ပြုံးစေချင်ရင်လည်း ကိုယ်ကိုယ်တိုင်ကပဲ လုပ်တာဖြစ်သလို မဲ့စေချင်တယ်ဆိုရင်လည်း ကိုယ်ကိုယ်တိုင်ကပဲ လုပ်နေခြင်းဖြစ်တယ်ဆိုတာကိုပါပဲ။ ပုံရိပ်က ပြုံးအောင် မဲ့အောင် ဘယ်သူဖန်ဆင်းပေးတာလဲ?
ကျွန်တော်တို့လူမျိုးအများစုက လူမတန် ကံချ ဆိုသလိုပဲ အများအားဖြင့် ကံကို ပုံချတတ်ကြတာ မြင်ရပါတယ်။ ဒီတော့ မှန်နဲ့ ဆက်စပ်လို့ ကံဆိုတာကို စဉ်းစားကြည့်မိတော့ မှန် နဲ့ ကံဆိုတာက သဘောတရားချင်းအတူတူပဲလို့ ယူဆမိပါတယ်။ မှန်ထဲက ပုံရိပ်ကို ပြုံးတာမြင်ချင်ရင် ကိုယ်ကအရင်ဆုံးပြုံးထားရမှာဖြစ်သလို ကိုယ်ကမဲ့ပြလိုက်မယ်ဆိုရင်လည်း မှန်ထဲကပုံရိပ်ကလည်း မဲ့ပြမှာဖြစ်ပါတယ်။ ကံမှာလည်း ဒီလိုပဲဖြစ်မယ်လို့ ယူဆမိပါတယ်။ ကံမကောင်းဘူးဆိုတာ ကောင်းတဲ့ကံကို မလုပ်ခဲ့ကြလို့ဖြစ်သလို ကံကောင်းနေတယ်ဆိုတာကလည်း ကောင်းတဲ့ကံတွေကို လုပ်ခဲ့ကြလို့ပဲလို ယူဆပါတယ်။ ကောင်းကံ ဆိုးကံတွေကိုကော ဘယ်သူဖန်ဆင်းပေးတာလဲ?
ဒီတော့ ကံဆိုတာကို ဘယ်သူကမှ ဖန်ဆင်းလိုက်တာမဟုတ်ပဲ ကိုယ်တိုင်ကပဲ ဖန်တီးလိုက်ခြင်းပဲဖြစ်ပါတယ်။ ရှေးရှေးတုံးက မမြင်ရတဲ့ ကံဆိုတာတွေကိုတော့ ကျွန်တော်တို့ လက်လှမ်းမမှီသလို သိလည်း မသိနိုင်ပါဘူး။ လက်ရှိကံကိုတော့ မြင်နိုင်ကြမှာပါ။ ကိုယ်က ကောင်းတဲ့ကံတွေကို ပြုလုပ်ဖန်တီးနေပါရက်နဲ့ မကောင်းတာတွေပဲ ဖြစ်နေသေးတယ်ဆိုရင် ဒါဟာ ကျွန်တော်တို့မမြင်နိုင်တဲ့ မကောင်းတဲ့ကံတွေ ဆက်ပြီးအကျိုးပေးနေလို့ပဲဖြစ်ပါလိမ့်မယ်။ ကိုယ်က ကောင်းတဲ့ကံကို ခုမှ ထလုပ်တာဖြစ်လေတော့ ကံကောင်းခြင်းတွေက ချက်ချင်းလက်ငင်း အကျိုးပေးမှာမဟုတ်ပေမယ့် တိုက်ဆိုင်မှုရှိလာတဲ့အချိန်မှာ ဘယ်သူတားတား မရပဲ အကျိုးပေးပါလိမ့်မယ်။ တားလို့မရတဲ့ မကောင်းကျိုးတွေ တားလို့မရတဲ့ ကောင်းကျိုးတွေကို ဘယ်သူဖန်ဆင်းပေးတာလဲ?
ကံမကောင်းရင် ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့။ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်လိုက်ပါ။ ခုချက်ချင်းလက်ငင်း ကံကောင်းချင်လို့ ခုချက်ခြင်း ကောင်းတာထလုပ်လို့ ကောင်းကျိုးခံစားရမှာမဟုတ်သေးပေမယ့် ကောင်းတဲ့အလုပ် ကောင်းတဲ့ကံတွေစုလာတဲ့အခါမှာ အကျိုးမပေးပဲ မနေပါဘူး။ ဆိုးတဲ့အလုပ် မကောင်းတဲ့ကံတွေလည်း ထို့အတူတူပါပဲ။ ခုချက်ချင်း မကောင်းတာလုပ်နေပေမယ့် ချက်ချင်းလက်ငင်း မကောင်းကျိုးခံစားကြရမှာမဟုတ်ပါဘူး။ အဲ-တိုက်ဆိုင်လာပြီဆိုရင်လည်း ဘယ်သူတားလို့မှမရပဲ ဆိုးကျိုးတွေဆက်တိုက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ အသင့်စားခေါက်ဆွဲတောင်မှ အနည်းဆုံး (၃)မိနစ်တော့စောင့်လို့ဆိုတယ်မဟုတ်လား။ ဆူပွက်လို့ စားချိန်ရောက်အောင် ဖန်သူဖန်ဆင်းပေးတာလဲ?
ကောင်းကံ မကောင်းကံ ကောင်းကျိုး ဆိုးကျိုးဆိုတာတွေ တနည်းအားဖြင့်ဆိုရင် ကံဆိုတာက ဘယ်ဘုရား ဘယ်တန်ခိုးရှင်ကမှ ဖန်ဆင်းထားတာမဟုတ်ပဲ ကျွန်တော်တို့ကိုယ်တိုင် လုပ်ခဲ့တဲ့ ကောင်းကံ မကောင်းကံ ကနေ ကောင်းကျိုး ဆိုးကျိုးတွေကို ဖြစ်ပေါ်စေခဲ့တာပဲဖြစ်ပါတယ်။ ကောင်းကျိုးတွေ ရချင်ရင် ကောင်းကံ ကောင်းတဲ့အလုပ်တွေကို များများပြုလုပ်ရမှာဖြစ်သလို မကောင်းကံ မဖြစ်စေဖို့ မကောင်းတဲ့အလုပ် မကောင်းတဲ့ကံတွေကို တတ်နိုင်သမျှ ဖြစ်နိုင်ရင် လုံးဝ မလုပ်ဖြစ်အောင် ကြိုးစားကြရမှဖြစ်ပါတယ်။ အချိန်တန်လို့ တိုက်ဆိုင်လာပြီဆိုရင်ဖြင့် အကျိုးတရားတွေကို မဖြစ်မနေ ခံစားကြရမှာပဲဖြစ်ပါတယ်။ ဒါတွေကို ဘယ်သူဖန်ဆင်းပေးတာလဲ?
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -