အားလုဲးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
ခေတ်မီတိုးတက်နေသော ယနေ့ခေတ်ကာလကြီးမှာ ကျွန်တော့်အတွေးတွေက ခေတ်နောက်ပြန်နေလေသလားတော့မသိပါ။ ယနေ့မြန်မာနိုင်ငံကြီးမှာ မြင်ရတွေ့ရတာ နောင်တခေတ် မြန်မာနိုင်ငံကြီးအတွက် ဘဝင်မကျ ရင်လေးစရာတွေကို မြင်နေရပါတယ်။ လောကကြီးကို အဆိုးမြင်နေခြင်းတော့ မဟုတ်ပါ။
တိုးတက်တာတွေကိုလက်ခံရမှာပါ။ ခေတ်မီကြတာတွေကိုလည်း နားလည်ကြရမှာပါ။ သို့ပေမယ့် ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ ကိုယ့်နိုင်ငံရဲ့ဘာသာတရားတွေ ကိုယ့်နိုင်ငံရဲ့ စာပေတွေ ကိုယ့်နိုင်ငံရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို မေ့ပျောက်ပြီးတော့ တိုးတက်ကြတာ ခေတ်မီကြတာတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။
ရောမကိုရောက်ရင် ရောမလိုကျင့်ရမယ် ဆိုတဲ့စကားကို လက်သင့်ခံနိုင်ပေမယ့် အမြဲတစေ ဘယ်နေရာရောက်ရောက် ရောမလိုကိင့်ကြံနေတာကိုတော့ လက်ခံနိုင်စရာမရှိပါဘူး။ ဒါကိုလည်း တိုးတက်တယ် ခေတ်မီတယ်လို့လည်း မယူဆပါဘူး။ ဒါဟာ ကိုယ့်နိုင်ငံရဲ့ စာပေ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ ဘာသာ သာသနာတွေ ပျက်စီးလာခြင်း ကွယ်ပျောက်သွားစေခြင်းလို့ ယူဆမိပါတယ်။
ခေတ်မီတိုးတက်လာကြတဲ့ မိဘအသိုင်းအဝိုင်းများက အင်္ဂလိပ်စာတွေကို သားသမီး မြေးမြစ်တွေကို သင်ကြားပေးလာကြပါတယ်။ ဒါက ဝမ်းမြောက် ဝမ်းသာကြိုဆိုကြရမှာပါ။ အင်္ဂလိပ်စာမှ မဟုတ် ဂျာမန် ပြင်သစ် အီတလီ ဂျပန် ကိုရီးယား တရုတ် ထိုင်း စတဲ့ဘာသာစကားအကုန် တတ်မြောက်နိုင်လေ ဝမ်းသာစရာ ကောင်းလေပါပဲ။ ဘာသာစကားပေါင်းစုံ စာပေပေါင်းစုံဖတ်ရှုနိုင်ခြင်းက ကမ္ဘာ့အလယ်မှာ တင့်တယ်စေမှာဖြစ်ပါတယ်။ ဒါပေမယ့် မိခင်ဘာသာစကားကို အလေးမထား ပစ်ပယ်တာတော့ မဖြစ်သင့် မဖြစ်ထိုက်ပါဘူး။
အင်္ဂလိပ်လို ချောနေအောင်ရေးနိုင်ပေမယ့် မြန်မာစာမှာတော့ "ခြံ ရောင်းမည်" ကို "ချန်ယောင်းမြီ"ဖြစ်အောင် ရေးကြတာတော့ အင်မတန် ဝမ်းနည်းစရာကောင်းလှပါတယ်။ စာပေပျောက်လောက်အောင်တော့ မတိုးတက်စေချင်ပါဘူး။ ခေတ်မမီကြစေချင်ပါဘူး။ စာအထားအသို နေရာလွဲနေတာဆိုရင်တောင်မှ နားလည် လက်ခံနိုင်ပါတယ်။ မယုံကြည်ရင် ဖေ့စ်ဘွတ်ထဲကို ခဏလောက် လော့ဂ်အင် ဝင်ကြည့်လိုက်ပါ။ စာပေမရှိရင် လူမျိုးပျောက်ပါပြီ။ စာပေမြင့်မှ လူမျိုးလည်း တင့်တယ်နိုင်ပါလိမ့်မယ်။
ဘုရား ကျောင်းကန် စေတီတွေဆိုတာကလည်း မြန်မာနိုင်ငံမှာတော့ အထွဋ်အမြတ်ထားရာ နေရာတွေပဲဖြစ်ပါတယ်။ အဲဒီလို အထွဋ်အမြတ်ထားတဲ့ နေရာတွေကို အများအားဖြင့် မိန်းကလေးတွေက ဒူးပေါ် ပေါင်ပေါ် ဟိုဟာပေါ် ဒီဟာပေါ်ဖြစ်နေတဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ဘုရား ကျောင်းကန် စေတီတွေပေါ်မှာ မြင်တွေ့နေရတာကတော့ သိပ်အဆင်မပြေလှဘူး။ ကိုယ်အလေးအမြတ်ထားရာနေရာနဲ့ သင့်တော်ပါရဲ့လား။ ဒါဟာ တိုးတက် ခေတ်မီတာလားလို့ စဉ်းစားစရာပါ။ အထွဋ်အမြတ်ထားရာနေရာတွေမှာ မဖွယ်မရာကိစ္စတွေ ပြုလုပ်လာကြခြင်းက ဘာသာ ယဉ်ကျေးမှုပျက်စီးလာခြင်းမဟုတ်ပါလား။ ဒါမှမဟုတ် ခေတ်မီ တိုးတက်လာကြတာလား။
ဘာသာ ယဉ်ကျေးမှု စာပေ ဓလေ့ထုံးတမ်းများအပြင် ရိုးရာ အစားအသောက်များပင် မရှိသလောက် ရှားပါးနေပြီဖြစ်ပါတယ်။ မြန်မာ့ရိုးရာ အစားအသောက်များကို လက်ညှိုးထိုးပြစရာပင် မရှိသလောက်ဖြစ်နေပ့ပြီး။ စားသောက်ဆိုင်များကိုရောက်ခဲ့ကြရင် ရောင်းချခြင်းရှိ မရှိ မြန်မာအစားအစာမေးကြည့်ရင် သိနိုင်ပါလိမ့်မယ်။ တိုးတက် ခေတ်မီလာရင် ကိုယ်ပိုင် စာပေ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ပစ်ပယ်ရမယ်လို့ ဆိုထားခဲ့ကြတာများ ရှိနေရော့သလားဗျာ။ ကျွန်တော်ကပဲ အဆိုးမြင်မိနေသလား?
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -