အကြွေးဆိုတဲ့ စကားလေးနှစ်လုံးဟာ ဖတ်ရတာလွယ်သလောက် တော်တော် သမိုင်းရှုပ်တာကလား။
“ကြွေးယူပြုံးပြုံး တောင်းတော့မုန်း”
“ငွေချေးရတော့ ကျေးဇူးရှင်၊ ငွေပြန်တောင်းတော့ ရန်သူထင်”
စတဲ့ အကြွေးနဲ့ပတ်သက်တဲ့ စကားပုံတွေ၊ ပုံတိုပတ်စတွေ၊ သံဝေဂ ယူစရာတွေ အများကြီးပေါ့။ တချို့က ငွေကို ငွေနဲ့ခိုင်းစားတယ် ဆိုပြီး အတိုးယူပြီး ချေးကြတယ်။ တချို့ကကျ ငွေချေးသူဆီက တဆင့် အာမခံနဲ့ ပြန်ချေးကြတယ်။
ကျမတို့တိုက်တန်းမှာ ညနေအချိန်ဆို ကြွေးရှင်နဲ့ ကြွေးယူတဲ့သူ နေ့တိုင်းစကားများ၊ ရန်ဖြစ်၊ သတ်ကြ၊ ပုတ်ကြ၊ အော်ဟစ်ကြ၊ ဆဲဆို ကြတာများ မကြားချင်မှအဆုံး။ တချို့ဆဲနည်းတွေ ကိုယ်တောင် မကြားဖူးဘူး။ ကြွေးရှင်လုပ်ရင် အာကြမ်းမှ ဖြစ်မယ်လို့တောင် သဘောပေါက်မိပါရဲ့။ ဘယ်သူမှန်လို့ ဘယ်သူမှားလဲ မသိ။ စိတ်ပျက်စရာ။
တချို့ကျတော့လည်း တကယ်ကို အဆင်မပြေလို့ချေးရတာ။ သူတို့လိုလူမျိုးကျ လာတောင်းခံရမှာရှက်တော့ အတိုးကို မှန်မှန်ပေးကြ တယ်။ အတိုးပေးရင်းနဲ့ အရင်းကို ခွဲဆပ်ကြတယ်။ အဲ့လိုလူမျိုးကျ ပိုက်ဆံချေးရတာ တော်သေးတယ်။ တချို့ကကျ အတိုးတော့ ပေးပါ ရဲ့။ လလေးနည်းနည်းလောက် ကြာရင် အတိုးကမမှန်ချင်တော့ဘူး။
အဲ့ဒီအခါမျိုးကျ မှတ်ပေရော့။ တချို့ကျ ငွေလေးချေး၊ အတိုးလေး မှန်မှန်ပေး။ အရင်းလေးမှန်မှန်ဆပ်ပြီး နောက်သူ့ကို အလုံးစုံယုံပြီ ဆိုမှ အချီကြီးလိမ်တာ။ ကျမအမေနဲ့ ညီမကကျ အဲ့လိုငွေတိုးချေးတတ်တယ်။ သူတို့လည်း လိမ်ခံထိတာပေါ့။ အမေဆုံးတုန်းကဆို အမေချေးထားတာ လူတွေကို သိသလောက် ပြန်လိုက်တောင်းတာ။ အတိအကျတော့ မသိပါဘူး။
တော်တော်များများ ပြန်မရပါဘူး။ အမေက အများကြီးလဲ ချေးတာ မဟုတ်ဘူး။ တစ်ဦးကို နှစ်သောင်းလောက်၊ တချို့ကျလဲ ငါးသောင်ေပေါ့။ သိန်းဂဏန်းချေးပေးတဲ့သူ ရှားပါတယ်။ အဲ့ထဲက အမေ သူငယ်ချင်းတစ်ဦးကဆို ချေးထားတဲ့ ပိုက်ဆံပြန်တောင်းတော့ သူ မပေးနိုင်တော့ပါဘူးတဲ့။ သံသရာကြွေးပဲ ယူသွားပါတော့မယ်တဲ့။ ကဲ…ဘယ်တတ်နိုင်ပါ့မလဲ။
နောက်တစ်ဦးကတော့ဆပ်တယ်။ သူ့ကကျ တခြားလူကို အာမခံနဲ့ ပြန်ချေးလို့ ငွေများတယ်။ အမေဆုံးပြီး တစ်နှစ်လောက်ကြာမှ အကြွေးကျေတယ်။ သူ့ကျ ရရမယ့် အကြွေး အကုန်မယူလိုက်ပါဘူး။ နောက်ဆုံးတစ်လကို လျှော်ပေးလိုက်တယ်။
အမေနဲ့ ညီမရယ်၊ တခြားကြွေးပေးထားသူတွေရဲ့ ကြွေးပြန်တောင်း မရလို့ ကိုယ့်ငွေနဲ့ကိုယ် ပူလောင်တဲ့သူတွေကို ကြည့်ပြီး ကျမကိုယ် ကျမ ဘယ်သူ့မှ ငွေမချေးဘူးလို့ ဆုံးဖြတ်ထားတယ်။ သို့သော်လည်း …အဲ့ဒီသို့သော်လည်း ရဲ့နောက်မှာ ငွေချေးလိုက်မိတယ်ဆိုတာ ရိပ်မိ ကြမှာပေါ့။ မထင်မှတ်ဘဲ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို အခမဲ့ ကူညီလိုက်တယ်။
ကူညီလိုက်တဲ့နေ့ကစပြီး ကိုယ့်ကို အဖက်မလုပ်တော့ဘူး။ ဒီတော့ နားပူအောင်တောင်းရပြီပေါ့။ နောက်ပိုင်းကျ တောင်းလဲမပေးတော့ မတောင်းတော့ဘူး။ နောက်မှသိရတာက အဲ့လူက လေဖြတ်သွားလို့ ဆေးကုနေရတာတဲ့။ တကယ်ဆိုရင်တော့ သနားမိပါတယ်။ သူက တခြားမြို့မှ တာဝန်ကျနေတော့ သွားကြည့်လို့လဲမရ။ သူပြောသမျှ ပေါ့။
တစ်နေ့ကတော့ စိတ်ထဲကဒေါသတွေ မြိုသိပ်ပြီး ထပ်တောင်း ကြည့်တယ်။ လောလောဆယ်သုံးဖို့ မုန့်ဖိုးဆိုပြီး ပိုက်ဆံနည်းနည်း လွှဲပေးလိုက်ပါတယ်တဲ့။ ကျမပိုက်ဆံလည်း မဆုံးစေရပါဘူးဆိုပြီး ဖုန်းဆက်တယ်။ အင်း…စောင့်ကြည့်ရမှာပဲလေ။ လောလောဆယ် တော့ ကိုယ်က လက်လွန်ကြက်သွန်ဖြစ်သွားပြီပဲကို။
ဒီအကြောင်းအသေးစိတ်ကို နောက်ကြုံတော့မှပဲ ထပ်ရေးတော့မယ်။ နောက်တစ်ခါကျရင်သာ လူတိုင်းကို ယုံကြည်ပြီး သနားကူညီ ချင်စိတ်လေးရှိရင်တောင် ငွေကြေးကို လက်မလွန်မိစေဖို့ ကိုယ့် ဖာသာ သတိပေးနေရတယ်။ သူ့ကို ကိုယ်က အဲ့လိုလူစားမဟုတ်ဘူး လို့ တွေးထားတာ။ ကိုယ့်အတွေးလေးလဲ မှန်စေချင်တယ်လေ။
@nweoomon
25-1-2022