တစ်နေ့က ကျမရဲ့ အဝတ်ဗီဒိုရှင်းရင်း ဗူးလေးတစ်ခုထဲမှာ စုသိမ်းထားတဲ့ အဖေ့အမှတ်တရပစ္စည်းလေးတွေ အမှတ်မထင် ပြန်တွေ့လိုက်တယ်။ အဲ့ထဲမှာ အဖေဝန်ထမ်းဘဝတုန်းက ရရှိခဲ့တဲ့ ဆုတံဆိပ်လေးတွေ ရှိတယ်။ ဒီဆုတံဆိပ်လေးတွေကို ဟိုးငယ်ငယ် ကလေးဘဝကတည်းက အကြိမ်ပေါင်းများစွာ မြင်ဖူးပြီးသားပါ။ ဒါပေမယ့် ခုတစ်ကြိမ်ထုတ်ကြည့်တော့ ခံစား ချက်ချင်းက မတူတော့ဘူး။
ဆုတံဆိပ်လေးတွေက ပုံစံအမျိုးမျိုးနဲ့ဖြစ်တဲ့အပြင် တံဆိပ်မှာ ပါတဲ့ စာသားတွေလည်း မတူညီကြဘူး။ ကလေးတုန်းကတော့ ဘာသိမှာလည်း။ “အဖေကဆုရတယ်” “ငါ့အဖေက တော်လိုက် တာပေါ့”။ ပြီးတော့ ဒီဆုတံဆိပ်တွေ ဘာ့ကြောင့်ရတယ်လို့ မသိခဲ့ဘူး။ အဓိပ္ပါယ်တွေလည်း နားမလည်ခဲ့ဘူး။ အခုနောက်ပိုင်း ကျမအကြီးတန်းစာရေးဖြစ်လို့ ဝန်ထမ်းတွေရဲ့ အလုပ်ခန့်တာ၊ လစာပေးတာ၊ ဆုချီးမြှင့်တာ၊ အငြိမ်းစားယူတာ စတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်ခန့်စဉ်မှသည် သေဆုံးပြီး နောက် ပင်စင်ယူသည်အထိ သူတို့ရဲ့ ရပိုင်ခွင့်တွေကို တိုင်းအရာရှိကိုယ်စား အလုပ်လုပ်ပေးရင်းမှသာ ဒီတံဆိပ်တွေရဲ့ အကြောင်းကို ပိုသိလာရတယ်။
တံဆိပ်တွေကို ဘယ်အချိန်မှာ ရလဲ၊ ဘယ်လိုရလဲ ဆိုတာ ဗဟုသုတအဖြစ်သိသလောက်နည်းနည်းပြောပြပါအုံးမယ်ရှင်။ ဝန်ထမ်းတစ်ယောက်က အမြဲတမ်းရာထူးတစ်ခုမှာ လုပ်သက် (၂) နှစ်ပြည့်ရင် နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ အဲ့ဒီ တံဆိပ်ရှိပြီး လုပ်သက်(၁၅)နှစ်ပြည့်ရင် ပြည်သူ့ ဝန်ထမ်းတံဆိပ်၊ ဖော်ပြပါတံဆိပ်နှစ်မျိုးလုံးရရှိပြီး လုပ်သက်(၂၆)နှစ် ပြည့်ရင် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ဆိုပြီး သူသတ်မှတ်ထားတဲ့ လုပ်သက်အလိုက် ဆုတံဆိပ်တွေ ချီးမြှင့်တာဖြစ်ပါတယ်။
ကျမအဖေကတော့ ဆုတံဆိပ်တွေ အစဉ်အလိုက်ရရှိခဲ့တာပေါ့။ အဲ့တံဆိပ်တွေပဲရပြီး ဆုငွေရောရလားလို့မေးစရာရှိပါတယ်။ လုပ်သက်(၂)နှစ်နဲ့ (၁၅) နှစ်အတွက်တော့ ဆုချီးမြှင့်ငွေ မပေးပါဘူး။ လုပ်သက် (၂၆)နှစ်ပြည့်မှာပေးတဲ့ ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်အတွက် အဖေတို့ခေတ်တုန်းကတော့ ဆုငွေ (၃၀၀၀) ရပါတယ်။
ခုပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်ပြည်သူ့ဝန်ထမ်းကောင်း ဆုတံဆိပ် ရရှိသူတွေကျ ဆုချီးမြှင်ငွေ(၃) သိန်းရပါတယ်။ ဆိုင်ရာဆုတံဆိပ် များနဲ့အတူ ဂုဏ်ပြုကတ်ပြားလေးရောပူးတွဲပေးတာပေါ့။ အဖေ့ရဲ့ဂုဏ်ပြုကတ်ပြားကတော့ အသိမ်းလွန်နေလို့ မဖော်ပြနိုင်ပါဘူး။
ဒါပေမယ့် ၂၀၂၀ ပြည့်နှစ်မှာ ပြည့်သူ့ဝန်ထမ်းကောင်းဆုတံဆိပ် ရသူတွေကျ ဆုငွေ(၃)သိန်းအပြင် မော်တော်ကားဝယ်ခွင့်ပါမစ်လည်း ရအုံးမှာဆိုတော့ ပျော်စရာပေါ့လေ။ ဪ…တလက်စ တည်းပြောပြရအုံးမယ်။ အဲ့ဒီ ဆုတံဆိပ်တွေရတာကလည်း (Service Book) စာအုပ်ထဲမှာ မှင်နီမပါမှ ပေးတာ။ မှင်နီပါ တယ်ဆိုတာ သိတဲ့အတိုင်း အပြစ်ရှိလို့ မှတ်တမ်းတင်ခံရတာ လေ။
အဲ့စနစ်ကိုတော့ သိပ်မကြိုက်ဘူး။ ဉပမာ။ မီးရထားမှာဆို ရထားမကြာခဏ ကျတယ်။ အဲ့အခါမျိုးမှာ ဘယ်ဌာနအပြစ်လဲ ဆိုပြီးရှာတဲ့အခါ မြို့ပြဌာနရဲ့အပြစ်က ထင်သာမြင်သာရှိနေ တာပေါ့ရှင်။ ရထားခုန်၊ ခါလူးတာ၊ လမ်းပိုင်းမှာကျောက်မရှိ တာ။ လမ်းဘေးခြုံထူထပ်တာ အဲ့လိုအပြစ်တွေကျ မြင်သာတာ ပေါ့။
ရထားစက်ခေါင်းရဲ့ ဘိုဂီ ဘယ်လောက်ပွန်းစားတာတို့၊ ဝင်ရိုး ကဘာဖြစ်တယ်ဆိုတာတွေကျ ချက်ချင်းမသိနိုင်ဘူး။ ဒီတော့ ရထားကျရင် မြို့ပြဌာနကပဲ အများဆုံးတာဝန်ယူရတယ်။ တကယ်တမ်းကျ ရထားတွဲတွေလဲ မကောင်းဘူးရယ်။ ဝိုး…. စကားလမ်းကြောင်းတွေချော်ကုန်ပြီ။
ပြောချင်တာက အဲ့လိုတွေ မြို့ပြဌာနက တာဝန်ယူလိုက်ရပြီဆို လမ်းဗိုလ်ကြီး၊ လုပ်သားခေါင်းစသဖြင့် အဆင့်ဆင့်အပြစ်ပေး တော့ ကျမတို့ဌာန၊ ဝန်ထမ်းငယ်လေးတွေရဲ့ (Service Book) တွေမှာဆို မှင်နီတွေ ရဲနေတာပဲ။ ဒီတော့ အဲ့လိုပြည်သူ့ဝန်ထမ်း ကောင်း ဆုတံဆိပ်ရပြီဆိုရင် ရတဲ့ ဝန်ထမ်းအတွက် ဂုဏ်ယူ စရာပေါ့။
အဲ့လိုဆုတံဆိပ် (၃) မျိုးက အဖေ့လက်ထက်မှာ (၃) မျိုးလုံး ရပေမယ့် ကျမလက်ထက်မှာ (၂) မျိုးပဲရတယ်။ လုပ်သက် (၂၆)နှစ်မပြည့်သေးလို့လေ။ ဒါတောင် ဆုတံဆိပ်ရကြောင်း စာရင်းပဲရှိတယ်။ ဂုဏ်ပြုမှတ်တမ်းကတ်ပြားကလည်း တစ်ခုပဲ ရှိတယ်။ အဲ့တစ်ခုကလည်း ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက မှ ပေး တာဆိုတော့ ရုံးက ကျမစားပွဲထဲ ထည့်ထားပြီး အိမ်ကို မသယ် ဖြစ်သေးဘူး။ ခုဆို ရှိတောင်ရှိပါအုံးမလားမသိ။
ကဲပါလေ…အဲ့ဆုတံဆိပ်တွေမရလဲ အရေးမကြီးဘူး။ အရေး ကြီးတာက ဒီကာလကြီးပြီးလို့ ပြည်သူ့အစိုးရတက်လာရင် နိုင်ငံတော်ကပေးမယ့် ဆုတံဆိပ်လေး ရပြီဆိုရင် ကျေနပ်ပါ ပြီလေ။
@nweoomon
3-1-2022