ရိုးရှင်းတဲ့ဘဝ (Simple Life)

in HIVE-MYANMAR2 months ago

အားလုံးပဲ မင်္ဂလာပါ။

တစ်ခါတစ်လေ ရိုးရှင်းတဲ့ ဘဝကိုလိုချင်မိသည်။ ဗိုလ်ချုပ်အောင်ဆန်းက နောင် မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် စာရေးသောအလုပ်ကိုသာ လုပ်သွားချင်သည်ဟု ပြောခဲ့ဖူးသည်ကို အမှတ်ရမိသည်။ မိမိသည်လဲ ဘဝကို ရိုးရိုးဖြင့် ဖြတ်သန်းချင်သည်။ သို့သော်လဲ လက်တွေ့မှာ မလွယ်ကူသေးပါ။ အဘယ်ကြောင့်နည်း။

ပထမတစ်ချက်မှာ မမျှတမှုများရှိနေသေးသောကြောင့်ဖြစ်သည်။ မမျှတမှုများရှိနေသေးသရွေ့ မျှတမှုအတွက် တိုက်ပွဲဝင်ရမည်။ ငယ်စဉ်က ရှမ်းစာတတ်အောင်သင်သည်၊ ရှမ်းဝတ်စုံ အခါအားလျော်စွာဝတ်သည်။ ဘေးကကြည့်တဲ့ သူက တော့ ဒီကောင်ဘာလဲ ပေါ့။ ငယ်စဉ်က မှတ်မိသည်။ ရှမ်းနှစ်ကူးပွဲကျင်းပဖို့ တိုင်းမှုးထံအခွင့်တောင်းရ ရှမ်းစာသင်တန်းဖွင့်ဖို့ ခွင့်ယူရသည်တို့ဘာတို့၊ ကိုယ့်ရိုးရာပွဲ ရိုးရာစာပေကိုကို လွတ်လပ်စွာ ကျင်းပခွင့် သင်ယူခွင့်မရှိခဲ့။

နောက်ရိုးရှင်းမှု မရှိသော အကြောင်းအရင်းမှာ ကိုယ့်အလုပ်ကို မလုပ်ကြသောကြောင့်ဖြစ်သည်။ ကျွန်တော်ထိုင်းတွင် အင်ဂျင်နီယာအနေနှင့်အလုပ်လုပ်ဖူးသည်။ ရိုးရှင်းလှသည်။ ကိုယ့်အလုပ်ကိုသာ အာရုံစိုက်လုပ်ရန်သာဖြစ်သည်။ မြန်မာပြည်ပြန်လာပြီး WHO မှာ Bio အင်ဂျင်နီယာအနေနှင့် အစိုးရဌါနမှာ အလုပ်ဝင်သည်။ ကိုယ့်နဲ့ ဆိုင်တဲ့ အလုပ်ရော တိုလီမုတ်စ မီးပြင်တာကအစ ခိုင်းချင်သည်၊ လုပ်ခဲ့ရသည်။ ဌါနက အထွေထွေပြုပြင်သူ (general maintenance) ရှိသော်လဲ အထက်လူကြီးက ကိုယ့်ကိုသာခိုင်းချင်သည်။ အထက်လူကြီးမှာ ဝန်ထမ်းတစ်ယောက်ချင်းစီကို အားကောင်းအောင် empower မလုပ်ပဲ၊ ခိုင်းရလွယ်သောသူကိုသာ အလွယ်ခိုင်းချင်သည်။

နောက် မြန်မာပြည်မှာ ရိုးရှင်းစွာနေလို့မရတဲ့အကြောင်းကတော့ ဆိုင်ရာဆိုင်ရာ institutions တွေအားနည်းခြင်း၊ မပြည့်စုံခြင်းတို့ကြောင့်ဖြစ်သည်။ မြန်မာပြည်က အင်ဂျင်နီယာ ဆိုသည်မှာ အစုံအစိလုပ်တတ်ရသည်။ ဥပမာ ကျွန်တော် mechatronic အင်ဂျင်နီယာ အနေနဲ့ စက်ပစ္စည်းထုတ်ကုန်တစ်ခုထုတ်မည်ဆိုပါစို့။ ဒီထုတ်ကုန်ရဖို့ ကျွန်တော် စက်ဒီဇိုင်းပဲ ဆွဲတတ်ရုံနဲ့မရ၊ စက်ကို မောင်းဖို့ program ရေးတတ်ရသည်၊ ဆားကစ်ပြား ကိုယ်တိုင်ဆွဲတတ် ဖောက်တတ်ရသည်၊ စက်ကို ပြုလုပ်ဖို့ ဝရိန်ဆော်တာ၊ တွင်ခုံ ခုတ်တာကအစ နားလည်နေမှ အဆင်ပြေသည်။ ထိုင်းနိုင်ငံမှာဆိုရင် ထုတ်လုပ်မှုတစ်ခုအတွက်ဆိုင်ရာ ဆိုင်ရာ ကျွမ်းကျင်သူတွေကို အလွယ်တကူ အပ်နှံ လုပ်ကိုင်နိုင်သည်။ ဒီလို ဆိုင်ရာဆိုင်ရာတွေမှာ ကျွမ်းကျင်သူတွေ မရှိခြင်းကြောင့် Made in Myanmar ဆိုတဲ့ စက်ပစ္စည်းဆိုသည်ကို ကောင်းကောင်း မတွေ့ဖူးသေးပါ။ institutions တွေကို အားဖြည့်ပေးရန် လိုအပ်လှသည်။

အချုပ်အားဖြင့် ပြောရလျှင် လူအများ တန်းတူအခွင့်အရေးရနေလျှင်၊ ကိုယ့်နေရာကိုနေ ကိုယ့်အလုပ်ကို လုပ်နေလျှင်၊ ဆိုင်ရာဆိုင်ရာ institutions တွေ အားကောင်းနေလျှင် ကိုယ်လဲ သူများအလုပ် ဝင်လုပ်နေစရာမလိုပဲ ကိုယ့်အလုပ်ကိုသာ ရိုးရှင်းစွာလုပ်နေရုံသာဖြစ်သည်။ ထိုသို့ရိုးရှင်းသော ဘဝ အနေအထားကို လိုချင်မိပါသည်။

35645_hd.jpg

source

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

@princekham
17th May 2022
Myanmar

Sort:  

I gained knowledge by reading this post!
!LUV
!PIZZA

Thank you for reading my post and your comment.
!LUV !PIZZA